ဒုဥက္ကဋ္ဌသတင်းများ

ရခိုင်လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ရခိုင်အမျိုးသားပါတီ မှ ဦးမြသန်း အား ရွေးချယ်

ဇူလိုင်လ ၁၄ရက်နေ့ က ပြုလုပ်သည့် ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး (အဋ္ဌမနေ့)တွင် ရခိုုင်ပြည်နယ်လွှတ်တော် ၏လစ်လပ်လျက်ရှိသည့် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရာထူးအတွက် ကိုယ်စားလှယ်ရွေးချယ်ပွဲအား ထည့်သွင်းပြုလုပ်ခဲ့သည်။ ယခင်က ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့သည့်ဦးဖိုးမင်းသည် ဒုတိယအကြိမ် ရခိုင်ပြည်နယ် လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေးများ မကျင်ပမီ ကွယ်လွန်သွားခဲ့သောကြောင့် လစ်လပ်နေသည့် လွှတ်တော်ဒုဥက္ကဋ္ဌ ရာထူးအတွက် ပြန်လည်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်သည့်ကိုယ်စားလှယ် ၃ဦး ရှိခဲ့ပြီး၊ ၄င်းတို့ အနက် ရခိုင်အမျိုးသားပါတီ မှမြေပုံမြို့နယ် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ်ဦးမြသန်း အား လွှတ်တော် ကိုယ်စားလှယ် အများစု က မဲပေး ရွေးချယ်ခဲ့ကြသည်။

“ကျွန်တော့်အနေနဲ့ ရခိုင်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ရာထူးအတွက် လွှတ်တော်နည်းဥပဒေမှာ ပါတဲ့ တာဝန်ဝတ္တရားတွေကို ကတိကဝတ်ပြုထားတဲ့အတိုင်း ကျေပွန်စွာထမ်းဆောင်သွားပါမယ်” ဟု ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ အသစ် ဖြစ်လာသည့်ဦးမြသန်း ကပြောသည်။ ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌ ရာထူးအတွက် ရခိုင်အမျိုးသားပါတီ မှမြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) ကိုယ်စားလှယ် ဦးမြသန်း၊ ရခိုင်အမျိုးသားပါတီ မှ မြေပုံမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) ကိုယ်စားလှယ် ဦးအောင်ဝင်း နှင့် NLD ပါတီမှ မာန်အောင်မဲဆန္ဒနယ် ကိုယ်စားလှယ်ဦးဖိုးနွဲ့ တို့ ၃ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ဦးမြသန်း က ၁၉မဲ၊ ဦးအောင်ဝင်း က ၁၇မဲ၊ ဦးဖိုးနွဲ့ က ၆မဲ အသီးသီးရရှိခဲ့ကာ ပယ်မဲ ၃မဲရှိခဲ့သည်။ ဒုတိယအကြိမ် ရခိုင်ပြည်နယ်လွှတ်တော်တွင် ရွေးကောက်ခံကိုယ်စားလှယ်များအနက် ရခိုင်အမျိုး သားပါတီ က ကိုယ်စားလှယ်နေရာ အများစုကိုရရှိထားပြီး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ နှင့် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ တို့ကလည်း ကိုယ်စားလှယ်နေရာများ အသီးသီး ရရှိထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *