သတင်းနှင့်ပြန်ကြားရေးကဏ္ဍ

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲကျင်းပ

ရခိုင်ပြည်နယ်လွှတ်တော် အဆောက်အဦသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါ အဆောက်အဦသစ်ရှေ့၌ ကျင်းပပြုလုပ်သည်။ရှေးဦးစွာ အခမ်းအနားကို ရခိုင်မင်္ဂလာစည်တော်တီး၍ ဖွင့်လှစ်ပြီး ရခိုင်ပြည်နယ် လွှတ်တော် အဆောက်အဦသစ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကျောက်တို့က ဖဲကြိုဖြတ်ဖွင့်လှစ်ပေးကြသည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်က ပြည်နယ်လွှတ်တော် အဆောက်အဦသစ် ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှနှင့် ဒုတိယဥက္ကဌ ဦးမြသန်းတို့က အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ်အဖြစ် ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသော ဌာနဆိုင်ရာ အကြီးအကဲများအား အမှတ်တရ လက်ဆောင်များ ပေးအပ်ကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော် ဥက္ကဌတို့က အဆောက်အဦသစ်ရှေ့ မြက်ခင်းပြင်၌ အောင်သပြေသစ်ပင်အား စိုက်ပျိုးပေးကြပြီး ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသား လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြသည်။ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ ဦးအေးသာအောင်နှင့် တာဝန်ရှိသူများသည် ပြည်နယ်လွှတ်တော်အဆောက်အဦသစ် အတွင်းရှိ လွှတ်တော်ရေးရာ ကော်မတီရုံး ခန်းများနှင့် ပြည်နယ်လွှတ်တော်ကျင်းပရာ ခန်းမတို့အား လှည့်လည်ကြည့်ရှု့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသကြကြောင်းသိရသည်။ ပြည်နယ်လွှတ်တော် အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် ဒုတိယ နာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (စစ်တွေ) ဒေသကွပ်ကဲရေးမှူး၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့များ၊ လူမှုရေးအသင်း အဖွဲ့များမှ ကိုယ်စားလှယ်များ၊ သတင်းမီဒီယာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published.