ရခိုင်ပြည်နယ်က စစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးဖို့ အရေးကြီးအဆိုကို ရခိုင်ပြည်နယ်လွှတ်တော်မှာ ဒီနေ့ အတည်ပြုလိုက်ပါတယ်။ အဲ့ဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစံကျော်လှက ကြေညာခဲ့ပါတယ်။ “ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပွားလျှက်ရှိသော တိုင်းရင်းသားလက်နက်ကိုင် AA တပ်နှင့် မြန်မာ့တပ်မတော် တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော ဒေသခံဒုက္ခသည်များရဲ့ စားဝတ်နေရေးနဲ့ လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို မိုးမတိုင်မီ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ အမြန်ဆုံးအကူအညီပေးသင့်ကြောင်း တိုက်တွန်းသည့် အရေးတကြီးအဆိုအား ပြည်နယ်လွှတ်တော်က အတည်ပြုကြောင်း ကြေညာအပ်ပါတယ်”
အဆိုအပေါ် ANP လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အစိုးရ လုံခြုံရေး နဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒုက္ခသည်တွေကို အကူအညီပေးဖို့အတွက် လွှတ်တော်ကိုယ်စား လှယ်တွေရဲ့ အကြံပြုချက်တွေကို အလေးအနက်ထားဆောင်ရွက်သွားမယ်လို့ တင်ပြခဲ့ပါတယ်။
“ကျနော်တို့အစိုးရအဖွဲ့အနေနဲ့ ကိုယ်စားလှယ်ကြီးများရဲ့ ဆွေးနွေးချက်များ အကြံပြုချက်များ တိုက်တွန်းချက် များအပေါ်မှာ အလေးအနက်ထားပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်၊ ကျနော်တို့အစိုးရအဖွဲ့အနေ နဲ့အဆင့်ဆင့် ပြည်ထောင်စုအစိုးရအထိ လိုအပ်ချက်များအပေါ်မှာ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျနော့်အနေနဲ့ လေးစားစွာတင်ပြအပ်ပါတယ်” အကူအညီတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့အတွက် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်တွေပါဝင်တဲ့ စုံစမ်းရေးအဖွဲ့တစ်ခုဖွဲ့စည်းဆောင်ရွက်စေလိုကြောင်းလည်း ဗိုလ်မှူးကြီး ထိန်လင်း က လွှတ်တော်မှာ တင်ပြခဲ့ ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း ၊ ကျောက်တော် စတဲ့မြို့နယ်တွေမှာ စစ်ဘေးဒုက္ခသည် နှစ်ထောင်လောက်ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း က ကျောက်တော်မြို့နယ် ရမ်းချောင်းဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့်လည်း စစ်ဘေးဒုက္ခသည် ၂၀ဝ ကျော်ဟာ ဒီနေ့အထိ နေရပ်မပြန်နိုင်ကြသေးပါဘူး။ အဲ့ဒီအရေးကြီးအဆိုကို ကျောက်ဖြူမြို့နယ်မဲဆန္ဒနယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်လွင်က မနေ့က ပြည်နယ်လွှတ်တော်ကို တင်သွင်းခဲ့တာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ အစိုးရတပ်မတော် နဲ့ AA လက်နက်ကိုင်အဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် အစိုးရက အကူအညီပေးဖို့ တိုက်တွန်းကြောင်း အရေးကြီးအဆိုကို ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အစည်းအဝေးမှာ အတည်ပြုလိုက်ပါတယ်။ RFA သတင်ထောက် ကိုမင်းသိန်းအောင် တင်ပြထားပါတယ်။